17 March 2014

မီးလောင်ရာတွင် လူသေဆုံးခဲ့သည်ကို ငါးရက်ခန့်ကြာမှ ရဲဌာနက သိရှိ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ အမှတ်(၂) ရပ်ကွက်တွင် မတ်လ ၇ ရက် ည ၇ နာရီက မီးလောင်ခဲ့ရာ မီးငြှိမ်း သတ်သူတစ်ဦး သေဆုံးခဲ့သည်ကို ငါးရက်ခန့်အကြာမှ သိရှိခဲ့ရသည်ဟု မတ် ၁၃ ရက်က ထီးချိုင့်မြို့မ ရဲ စခန်းရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။
မီးလောင်ကျွမ်းသည့် ပစ္စည်းများကို သန့်ရှင်းရေးလုပ်ပြီးနောက် ထီးချိုင့်မြို့ အမှတ်(၂) သုသာန်တွင် သွား ရောက်စွန့်ပစ်ခဲ့ရာ ၎င်းစွန့်ပစ်ပစ္စည်းများထဲတွင် လူအရိုးများဟု မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် မှုခင်းဆေး ပညာများအရ စိစစ်ဆောင်ရွက်နိုင်ရန် ရဲစခန်းမှူး ဒု-ရဲမှူး စောမောင်နှင့် အဖွဲ့က ထီးချိုင့်ပြည်သူ့ ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြသည်။
ထို့နောက် မှုခင်းဆရာဝန်ကြီးက အဆိုပါ အရိုးစုများကို မှုခင်းဆေးပညာများအရ စစ်ဆေးဆောင်ရွက်ခဲ့ရာ တွင် အမျိုးသား တစ်ဦး၏ အရိုးစုများဖြစ်သည်ဟု ရဲဌာနသို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် မီးလောင်ရာတွင် သေဆုံးခဲ့သူသည် မည်သူမည်ဝါ ဖြစ်နိုင်ကြောင်း ရဲဌာနက ဆက်လက်၍ စုံစမ်းရာ ထီးချိုင့်မြို့၊ အမှတ်(၁)ရပ်ကွက်နေ ကိုထီးအောင်(ခ) ကိုမျိုးသက်အောင် အသက် (၂၄) နှစ်ဆိုသူ သည် ထိုနေ့က မီးလောင်နေသည့်နေရာသို့ မီးငြှိမ်းသတ်ရန် နေအိမ်မှသွားရောက်ခဲ့ပြီး မတ်လ ၁၁ ရက် အထိ ငါးရက်ကြာ နေအိမ်သို့ပြန်လည် မရောက်လာဟု ဇနီးဖြစ်သူက ရဲဌာနသို့ ပြောခဲ့သည်။
ထို့ကြောင့် ထီးချိုင့်မြို့မရဲစခန်းတွင် မတ်လ ၁၂ ရက် နံနက် ၁၁ နာရီခွဲအချိန်က ထိုရဲစခန်း၏ (ပ) ၇၁/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၂၈၅/ ၃၀၄(က)/၂၀၂ အရ အမှုဖွင့် အရေးယူထားသည်။

Written by  ကိုတိုးကြီး  /mizzimaburmese

No comments:

Post a Comment