လှိုင်သာယာမြို့နယ် အောင်ဇေယျ ကြိုးတံတားအဆင်း (၁) ထိပ် မှတ်တိုင်အနီးတွင်
မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ကုန်တင်ယာဉ်တစ်စီး
ဘရိတ်ပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ၁၂ ဘီးယာဉ်နှင့် တိုက်မိကာ ကုန်တင်ယာဉ်
တိမ်းမှောက်စဉ် အငှားယာဉ်ကို ပိမိခဲ့ရာမှ အငှားယာဉ်မှ အမျိုးသမီးတစ်ဦး
သေဆုံးခဲ့ပြီး လေးဦးမှာ ဒဏ်ရာ ပြင်းထန် ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ
ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အင်းစိန်မှ လှိုင်သာယာသို့ ပဲများ တင်ဆောင်ကာ မောင်းနှင်လာသော ဟီးနိုး
ခြောက်ဘီး ကုန်တင်ယာဉ်မှာ (၁) ထိပ် မှတ်တိုင်အနီးတွင် ဘရိတ်ပေါက်ပြီး
မျက်နှာချင်းဆိုင် မောင်းလာသော ၁၂ ဘီးယာဉ်နှင့် တိုက်မိစဉ် လမ်းဘေးသို့
ကားစတီယာရင်ကို ဆွဲချခဲ့ရာမှ ယာဉ်တိမ်းမှောက်ခဲ့ပြီး လမ်းဘေးတွင် ခရီးသည်
တစ်ဦး ငှားရမ်းနေသော တိုယိုတာ အငှားယာဉ်ပေါ်သို့ ပိမိခဲ့ကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။
“ကုန်တင်ကားက လမ်းဘေး ဆွဲချတာ နောက်တွဲမှာ ပဲအိတ်တွေ ပါလာတဲ့ ဝိတ်ကြောင့်
တစ်ပတ်လည် ထွက်သွားပြီး လမ်းဘေးမှာ ရပ်နေတဲ့ တက္ကစီပေါ် ပိမိတာ။ တက္ကစီ
ခေါင်းခန်းထဲက အမျိုးသမီးက ပွဲချင်းပြီး ဆုံးသွားတယ်။ ဘတ်စကား စောင့်နေတဲ့
ခရီးသည် အမျိုးသား နှစ်ဦးနဲ့ အနားက ကွမ်းယာ ရောင်းနေသူ အမျိုးသမီး
တစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာ တော်တော် ရခဲ့တယ်” ဟု ယာဉ်တိုက်မှု
ဖြစ်ပွားချိန် မျက်မြင် တွေ့ရှိခဲ့သော အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက
ပြောကြားသည်။
အဆိုပါ ယာဉ်တိမ်းမှောက်ပြီး အငှားယာဉ်ပေါ် ပိမိသောကြောင့် သေဆုံးခဲ့သူ အသက်
၆၃ နှစ်ရှိ ဒေါ်မာလာထွေးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ လေးဦးကို လှိုင်သာယာ
မြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားကြောင်း၊ အဆိုပါ
ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ဟီးနိုးခြောက်ဘီး ကုန်တင်ယာဉ်မောင်း အသက်
၃၀ နှစ်ရှိသူ ကိုသန်းနိုင်ထွန်းကို ယာဉ် (ပ) ၂၇/ ၁၄၊ ပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/
၃၀၄ (က) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း လှိုင်သာယာမြို့မ ရဲစခန်းထံမှ
စုံစမ်း သိရှိရသည်။
The Voice Weekly Myanmar
No comments:
Post a Comment