ကချင်ပြည်နယ်၊
ဝိုင်းမော်မြို့နယ် ရှငေါ် ကျေးရွာတွင် မြန်မာနိုင်ငံတွင်းသို့ တရားမဝင်
ရောက်ရှိနေသည့် တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီး ရမိထားပြီး မတ်လ ၁၃
ရက်နေ့ထိ စစ်ဆေးနေဆဲ ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ
စုံစမ်း သိရှိရသည်။
ဝိုင်းမော်မြို့နယ် ရှငေါ် ကျေးရွာအနီး
မေခမြစ်ကမ်းတွင် တရားမဝင် ရွှေတူးဖော်နေမှု သတင်းများကြောင့် တပ်မတော်၊
ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့
ပါဝင်သည့် ပူးပေါင်းအဖွဲ့က စုံစမ်း ဖမ်းဆီးရန် သွားရောက်စဉ် မတ်လ ၈ ရက်နေ့က
မန်ဒေါင်ကျေးရွာ အနီး၌ တရားမဝင် ရွှေတူးဖော်နေသူ တရုတ်နိုင်ငံသား ၂၉
ဦးအဖွဲ့ကို လည်းကောင်း ရှငေါ်ကျေးရွာ အနောက်ဘက် ၄ ဖာလုံခန့် အကွာ မေခမြစ်
အရှေ့ဘက်ကမ်း အနီးတွင် တွေ့ရှိရသည့် တရုတ်နိုင်ငံသား ၃ ဦး အဖွဲ့ကို
လည်းကောင်း၊ မတ်လ ၉ ရက်နေ့က ရှငေါ်ကျေးရွာအနီး ကားလမ်းမ၏ အရှေ့ဘက်
လိမ္မော်ခြံအနီးတွင် တွေ့ရှိရသည့် တရုတ်နိုင်ငံသား ၉ ဦး အဖွဲ့တို့ကို
လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့
ရုံးထံမှ သိရှိရသည်။
“ဖမ်းဆီး ရမိထားတဲ့ တရုတ်နိုင်ငံသား တွေမှာ
တရားဝင် အထောက်အထား ဖြစ်တဲ့ ပတ်စ်ပို့၊ ဗီဇာ ဘာမှ မတွေ့ရဘူး။ လ.ဝ.က
စစ်ဆေးချက်ပေါ် အခြေခံပြီး အမှုဖွင့် အရေးယူသွားမယ်” ဟု ကချင်ပြည်နယ်
ရဲတပ်ဖွဲ့မှူး ရုံးမှ အရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ ဖမ်းဆီး
ရမိထားသော အထောက်အထားမဲ့ တရုတ် နိုင်ငံသားများကို ဝိုင်းမော်မြို့နယ်
မြေခံရဲတပ်ဖွဲ့ စခန်းတွင် ၁၄ ဦးနှင့် မြစ်ကြီးနားမြို့ မြို့မ ရဲတပ်ဖွဲ့
စခန်းတွင် ၂၇ ဦးစီ အသီးသီး ထိန်းသိမ်း ထားရှိကြောင်း၊ တရုတ်
နိုင်ငံသားများနှင့် အတူ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မြေသယ်ယာဉ်များ၊
စက်ပစ္စည်းများနှင့် အခြားဆက်စပ် ပစ္စည်းများကိုလည်း သိမ်းဆည်း ရမိခဲ့ပြီး
ယင်းပစ္စည်းများကို ဝိုင်းမော်မြို့နယ်ရှိ ခ.လ.ရ (၅၈) တပ်ရင်းတွင်
သိမ်းဆည်းထားကြောင်း ဝိုင်းမော်မြို့နယ် နယ်မြေခံ ရဲစခန်းမှ အရာရှိတစ်ဦးက
ပြောသည်။
လက်ရှိတွင် ဖမ်းဆီး ရမိထားသော တရားမဝင် ဝင်ရောက်လာသည့်
အထောက်အထားမဲ့ တရုတ် နိုင်ငံသားများကို ဝိုင်းမော်မြို့နယ်
လူဝင်မှုကြီးကြပ်ရေးမှ စုံစမ်း စစ်ဆေးလျက်သာ ရှိနေသေးသဖြင့် (ပ) နံပါတ်
မထွက်ရှိသေးကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment