ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက်
မေတ္တာရိပ်သာလမ်းပေါ်တွင် မတ်လ ၁၅ ရက်နေ့ညကဓားဖြင့် ရက်စက်စွာ မသေမချင်း
ခုတ်သတ်ခံခဲ့ရသည့် ကိုမင်းမင်းဦးမှာ ပြစ်မှုကျုးလွန်ခဲ့ သူတရားခံ
နှင့်ရန်ငြိုးရန်စ တစ်စုံတစ်ရာမရှိဘဲ မတရား ခံခဲ့ရခြင်း ဖြစ်ကြောင်း
မိသားစုဝင်များ၏ ပြောကြားချက်အရ သိရှိရသည်။
အခင်းဖြစ်ပွားခဲ့သည့်နေ့က ဓားဖြင့် ခုတ်သတ်ခံခဲ့ရသူ
ကိုမင်းမင်းဦးမှာအလုပ်မှ အပြန် ၀ါးတံတားလမ်းတွင် နေထိုင်သည့်
အကိုဖြစ်သူအိမ်သို့ ထမင်းတောင်းစားရန် သွားရာ မရှိသဖြင့်ပြန်ထွက်လာစဉ်
အရက်မူးယစ်သောက်စားထားသူကို ချစ်ပိုနှင့် ပခုံးချင်းတိုက်မိပြီး
အချင်းများရာမှ ယခုကဲ့သို့ ဓားဖြင့်ခုတ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
''အဒေါ့်သားမက်ဆိုပေမယ့် သား တစ်ယောက်လိုပါပဲ။ သူကသစ်စက်မှာ လည်းလုပ်တယ်။
ကြုံရာကျပန်းလည်းလုပ် တယ်။ ရပ်ကွက်ထဲမှာ အလှူတို့ဘာတို့
ရှိလို့ခေါ်ခိုင်းရင်လည်း လုပ်တယ်။ ငွေ တစ်ရာလောက်ပေးရင်တောင်မှ မြောင်းဖော်
ပေးတာ။ ရိုးရိုးအေးအေးနေတဲ့သူပါ။ ရပ်ကွက်ထဲ မေးကြည့်လို့ရပါတယ်။ အဒေါ်တို့က
ဈေးရောင်းစားပါတယ်။ အခုသတ်တဲ့ တရားခံနဲ့လည်း ဘာရန်ငြိုးရန်စမှမရှိ ပါဘူး။
မိန်းမနဲ့ကလေးသုံးယောက်ကျန်ခဲ့ ပါတယ်။ တရားနဲ့ပဲဖြေပါလို့ သမီးကိုပြော
ထားရတယ်''ဟု အသတ်ခံခဲ့ရသည့် ကိုမင်းမင်းဦး၏ မိသားစုဝင်တစ်ဦးက မတ်လ ၂၀ ရက်က
News Watch သို့ ပြောကြားသည်။
အခင်းဖြစ်ပွားခဲ့သည့်ညက ကိုမင်းမင်းဦးမှာ ထိုင်ကန်တော့၍တောင်းပန်စဉ်
တရားခံက ဦးခေါင်းကို အရက်ပုလင်းဖြင့်ရိုက်ခွဲကာ ပုလင်းကွဲဖြင့် ရင်ဘတ်ကို
ထိုးခွဲပြီး လဲကျသွားသည့်အခါ တရွတ် တိုက်ဆွဲခေါ်သွားကြောင်း
ပြီးမှနေအိမ်သို့ ပြန်ဓားယူပြီး မသေမချင်းခုတ်သတ်ခဲ့သဖြင့်
အပိုင်းပိုင်းပြတ်ရှဒဏ်ရာများအပါအ၀င်
ဦးခေါင်းပြတ်လုနီးပါးဖြစ်ကာပွဲချင်းပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ရန်ကင်း မြို့မစခန်းမှူး ဒုရဲမှူးဇော်ဇော်အား မတ်လ
၂၀ ရက်က ဆက်သွယ်မေးမြန်းရာ ''ကျွန်တော့လက်ထက်မှာတော့ အသတ်ခံရတဲ့ကောင်လေးက
မူးယစ်ရမ်း ကားလို့ဆိုပြီး စခန်းမှာ ခံဝန်ထိုးရတာမျိုးတော့ မရှိဘူး။
သတ်တဲ့တရားခံကတော့ အဲဒီလိုမှတ်တမ်းမျိုးရှိတယ်။ လက်နက်ကိုင်ဆောင်မှုပုဒ်မ
၁၉(င) နဲ့ထောင်ကျခဲ့ ဖူးတယ်။ အရင်တုန်းကလည်း လူသတ်မှုနဲ့
ထောင်ကျခဲ့ဖူးတယ်လို့ ပြောတယ်။ ကျွန်တော့်လက်ထက်မှာတော့ မဟုတ်ဘူး။ အဲဒီညက
နှစ်ယောက်စလုံးအရက်သောက် ထားတယ်။ တရားခံကတော့ ရှင်းတယ်ဗျာ။
သူကပုလင်းထောင်ပြီး သောက်နေတာဆိုတော့။ အသတ်ခံရတဲ့ကောင်လေးကတော့
ပတ်ဝန်းကျင်ကပြောတာ သူလည်းမူးနေ တယ်လို့။ အဓိက ကတော့အရက်ပေါ့''ဟု
ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံဖြစ်သူ
ရန်ကင်း ၁၂ ရပ်ကွက်နေ ဦးမျိုးခင် (မုန်းခက်)က ''ဒီသတ်တဲ့ ကောင်လေးက
ရပ်ကွက်ထဲမှာ အမြဲလိုလို မူးယစ်ရမ်းကား တတ်တယ်။ အရင်လည်း လူသတ်မှု၊
လက်နက်ကိုင်ဆောင်မှုနဲ့ထောင် ကျဖူးတယ်။ အသတ်ခံရတဲ့ကလေးက
တကယ့်ကိုကြောက်တတ်တဲ့ ကောင်လေးပါ။ အဲဒီညက ကျွန်တော်ခရီးသွားနေလို့ မသိ
လိုက်တာ။ သိရင် အဖြစ်မခံဘူး။ ၀ိုင်းတား ရမှာပေါ့။ အုပ်ချုပ်ရေးပိုင်းရဲ့
အားနည်းချက်ကြောင့် အခုလိုဆိုးဆိုးရွားရွားအထိ ဖြစ်ခဲ့တာလို့ မြင်တယ်'' ဟု
ပြောကြားသည်။
ရက်စက်စွာ သတ်ဖြတ်ခံရသူ ကိုမင်းမင်းဦး၏ ရက်လည်ဆွမ်းသွတ်ပွဲကို ယနေ့(မတ် ၂၁
ရက်) ပြုလုပ်မည်ဖြစ်ပြီး ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရ အပါအ၀င်
ဆရာတော်ကြီး ၅ပါး ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
News
No comments:
Post a Comment