မယုံမရှိနဲ့ ဤအဖြစ်အပျက်သည် ဟောင်ကောင်၌ အမှန်တကယ် ဖြစ်ခဲ့သည်။
အလုပ်သမားတစ်စုက နွားကြီးတစ်ကောင်ကို သားသတ်ရုံကို ဆွဲခေါ်လာခဲ့ရာ
ဝင်ပေါက်ဝအနားအရောက်၌ သနားစရာ နွားကြီးခမျာ ရှေ့ခြေထောက် ၂ ချောင်းကို
ညွှတ်၍ ဒူးထောက်ချလိုက်သည်။ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး
ရှေ့ဆက်သွားခိုင်းလို့လည်း မရတော့ပေ။နွားတစ်ကောင်က အသတ်ခံရတော့မည်ဆိုသည်ကို
သားသတ်ရုံအထဲမှ မရောက်သေးခင် မည်ကဲ့သို့ သိပါသလဲ။ မျက်မြင်များကတော့
ပြောမယုံ ကြုံမှသိ ဖြစ်ခဲ့ရသည်။
မစ္စတာရှုးဆိုတဲ့ သားသတ်သမားကြီးက `ဒီနွားကြီးရဲ့ မျက်လုံးမှာ
ကြောက်ရွံ့စိုးထိတ်မှုတွေနဲ့ ငိုကြွေးနေတာ မြင်တဲ့အခါ ကျွန်တော်လည်း
တုန်လှုပ်မိတယ်၊ ဒါကို ကျွန်တော်က ကျန်တဲ့လူတွေကို ခေါ်ပြတယ်။ မြင်သူတိုင်း
အံသြကြတယ်။ ဒါနဲ့ ကျွန်တော်တို့ ရှေ့ကို ဆက်သွားခိုင်းတော့ မလှုပ်မယှက်နဲ့
ငိုပြီးရင်း ငိုနေတော့တာပဲ´ ဟုဆိုသည်။
အဆိုပါ သားသတ်ရုံပိုင်ရှင်ဖြစ်သူ ဘီလီဖောင်းက `လူတွေက တိရစ္ဆာတွေဟာ လူတွေလို
မငိုတတ်ဘူး ထင်ကြတာ၊ ဒါပေမယ့် ဒီနွားကြီးက ငိုတာမှ ကလေးလေး
တစ်ယောက်အတိုင်းပဲ´ ဟု ပြောသည်။ ထိုအဖြစ်အပျက်အား လူ ၁၀ ယောက်ကျော်
မြင်ခဲ့ရပြီး မြင်သူတိုင်းကို စိတ်ထိခိုက်စေခဲ့သည်။ ၎င်းနွားကြီးအား
သတ်ဖြတ်ရန် တာဝန်ကျသူ သားသတ်သမားများအဖို့ ပို၍စိတ်ထိခိုက်ရပြီး
မျက်ရည်များပင် ကျကြလေသည်။
သားသတ်ရုံမှ အခြားအလုပ်သမားများလည်း အသနားခံနေသည့် နွားကြီးအား
လာရောက်ကြည့်ရှုရာ လူများ ပြည့်ကြပ်သွားသည် ဆိုသည်။ သားသတ်သမား ၃ဦးက
၎င်းတို့အနေနှင့် ဤနွားကြီးအား ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ဟု ပြောသည်။
နွားကြီးနှင့်အတူ လူများပါ ငိုကြွေးလျှက်ရှိကြရာ ယင်းနွားကြီးအား
သတ်ဖြတ်ရန်အလို့ငှာ မည်သူမျှ တတ်နိုင်မည် မဟုတ်ကြောင်း အားလုံးက
သဘောပေါက်သိရှိသွားကြပြီး နောက်ဆုံး၌ ယင်းနွားကြီးအား ငွေစု၍ ၀ယ်ယူပြီး
ဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့ကြသည်။ ဘုန်းတော်ကြီးများက နွားကြီးအား
တစ်သက်တာလုံး ဂရုစိုက်ပေးကြ ပေမည်။
ထိုကဲ့သို့ ၀ယ်ယူ၍ ဘုန်းကြီးကျောင်းသို့ လှူဒါန်းရန်
ဆုံးဖြတ်ချက်ချခဲ့ကြပြီးနောက် အံအားသင့်ဖွယ်ရာ နောက်ထပ်အဖြစ်တစ်ခု
ကြုံကြရပြန်သည်။
`သူ့ကို မသတ်တော့ပါဘူးလို့ ဂတိပေးလိုက်တော့မှ ခေါ်ရာနောက် လိုက်တော့တယ်´ဟု အလုပ်သမားတစ်ဦးက ပြောသည်။
`ယုံမလားတော့ မသိဘူး။ ပြောပြလို့ ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမယ့် တကယ်
ဖြစ်ခဲ့တာ´ ဟု မစ္စတာရှုးက ပြောသည်။ နွားကြီးသည် သားသတ်သမားများ၏ ဘ၀နှင့်
ခံယူချက်အား အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပေးနိုင်ခဲ့သည်မှာ သံသယ
ဖြစ်ဖွယ်ရာ မရှိ။
တိရစ္ဆာန်များကို လူသားများ၏ အသုံးခံသက်သက်အဖြစ် မသတ်မှတ်ထိုက်။ ဇီဝဗေဒနှင့်
တိရစ္ဆာတို့၏ စိတ်ခံစားမှု၊ ခံစားနိုင်စွမ်းကို နားလည်ခြင်းက အရေးကြီးပါသည်။
သို့သော် ယခုအဖြစ်အပျက်ကဲ့သို့ လူသားနှင့် တိရိစ္ဆာအကြား
နှလုံးသားချင်းဆက်သွယ်မှုကို လက်တွေ့ မြင်ရခြင်းက ပိုမိုစွမ်းပကားထက်လှသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment