11 March 2014

အမျိုးဘာသာကာကွယ်ဖို့ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်

အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးအတွက် ဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးလိမ္မာသင်တန်းကို ဆရာ တော်ဦးခေမာစာရ (ရေတံခွန်တောင် သစ္စာဝေဒဂူ မိုးကုတ်ဝိပဿနာရိပ်သာ)နှင့် ဆရာတော် ဦးဝိစိတ္တာ ဘိဝံသ (ဦးဝီရသူ) မစိုးရိမ်တိုက်သစ်တို့က ဦးဆောင်၍ သာသနာ ၂၅၀၀ ဗိမာန်တော်ကြီးတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

“သင်တန်းဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးဘာသာ၊ သာသနာကို လေးစားပြီး ကာကွယ်စောင့် ရှောက်တတ်ဖို့ရယ်။ သာသနာတော်ကို ကြည်ညိုတတ်ဖို့ရယ်ပါ။ ပြီးတော့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုတာ သိဖို့ပါ။ ဒီဘက်ခေတ်ကလေးတွေက ဘာသာရေးဘက်မှာ အားနည်းနေတယ်။ မိဘ အတော်များများက လည်း စားဝတ်နေရေးနဲ့ ပညာသင်ပေးနိုင်ရေးအတွက် ရုန်းကန်နေကြရတော့ ကိုယ့်သားသမီး ဦးသုံး ကြိမ်ချရင်ကို ကျေနပ်နေရတယ်”ဟု သင်တန်းဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌဦးသိန်း ထွန်း (နန်းသီရိတိုင်းရင်းဆေး)က ပြောသည်။



အမျိုးဘာသာ၊ သာသနာ ကာကွယ်ရေးနှင့် ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ ၃ ရက်မှ မတ်လ ၁၃ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းကို မူလတန်းအဆင့် ယဉ်ကျေးလိမ္မာ အခြေပြုအဆင့်နှင့် အလယ်တန်းနှင့် အထက်တန်းတို့အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပထမအဆင့် ဟူ၍ ခွဲခြားဖွင့်လှစ်ထားသည်။ အခြေပြုအဆင့်တွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ သတ်မှတ်ထားပြီး ပဉ္စမတန်းမှ ဒသမတန်းအထိကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့က ရေးဆွဲထားသော သင်ရိုးအတိုင်း သင်ကြားသည်။

သင်တန်းတွင် ကျောင်းသူကျောင်းသား ၁,၂၀၀ ဦး တက်ရောက်သင်ကြားနေပြီး အဆိုပါကျောင်းသူ ကျောင်းသားများအား နေ့စဉ် ထမင်းဟင်းကျွေးမွေးကာ အချိုရည်များလည်း တိုက်သည်။ ကျွေးမွေးမှု တာဝန်ကို အလှူရှင်များက ယူပြီး အလှူရှင်မရှိသောနေ့များတွင် သင်တန်းဖြစ်မြောက်ရေး အကျိုးတော် ဆော်အဖွဲ့က ကျွေးမွေးခြင်းဖြစ်သည်။

သင်တန်းကို နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ဆရာတော်ခြောက်ပါး၊ သီလရှင်သုံးပါးနှင့် ယောဂီဆ ရာမငါးဦးတို့က ဦးဆောင် သင်ကြားပေးသည်။ တက်ရောက်သင်ကြားသူများအား စာမေးပွဲနှစ်ကြိမ် စစ် ဆေးပြီး အောင်လက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည်။ “စာမေးပွဲ နှစ်ကြိမ်စစ်ပြီးရင် သင်တန်းပြီးဆုံး ကြောင်း အောင်လက်မှတ်ပေးအပ်သွားမယ်။ ထူးချွန်သူတွေကိုလည်း ဆုချီးမြှင့်သွားပါမယ်”ဟု ဦးသိန်း ထွန်းက ပြောသည်။

အဆိုပါအဖွဲ့က တစ်ပတ်လုံး မန္တလေးမြို့ရှိ မြို့နယ်နှင့် ရပ်ကွက်များတွင် တနင်္ဂနွေ ဗုဒ္ဓဓမ္မကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီးနွေရာသီကျောင်းပိတ်ရက်တွင် တနင်္ဂနွေ ဗုဒ္ဓဓမ္မကျောင်းများ ပိတ်ပြီး ယခုကဲ့သို့ ရက်ရှည်သင်တန်း ဖွင့်လှစ်ခြင်း ဖြစ်သည်။

မန္တလေးတိုင်းအတွင်း မြို့ရွာကျေးလက်များမှ အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးနှင့် ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်လိုပါက သင်တန်းဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌဦးသိန်းထွန်း (ဖုန်း)၀၉၉၁၀၀၄၈၀၂၊ အတွင်းရေးမှူး ဦးမင်း(ဖုန်း) ၀၉၄၀၂၅ ၄၂၀၂၃၊ ကိုဟန်ထွန်း (ဖုန်း) ၀၉၉၁၀၂၈၉ ၂၀ နှင့် ဒေါ်ကြင်ကြင်မြိုင် (ဖုန်း) ၀၉၉၁၀၁ ၅၃၄၁ တို့သို့ အကြောင်းကြား ဆက် သွယ်လာပါက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

အဆိုပါသင်တန်းကို ၂၀၁၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ထိုနှစ်တွင် ကျောင်းသူ ကျောင်းသား ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် ၉၈၀ ဦး သင်ကြားခဲ့ကြောင်းနှင့် ယခုတတိယအကြိမ်တွင် ၁,၂၀၀ ဦး တက်ရောက်ကြသည်။
 
Mizzima

No comments:

Post a Comment