ကျောက်တံတားမြို့နယ် အမှတ် (၉) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လမ်း ၄၀
အလယ်ဘလောက် ထောင့်တွင် ဖွင့်လှစ်ထားသော ရွှေလင်ဗန်း စားသောက်ဆိုင်တွင် မတ်လ
၂၈ ရက် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က စားသောက်ဆိုင် ခြံစည်းရိုး
အုတ်နံရံနှင့် မီးဖိုချောင် အုတ်နံရံကြားကို လူတစ်ဦးက ဓာတ်ဆီလောင်း
မီးရှို့ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး
မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
ရွှေလင်ဗန်း စားသောက်ဆိုင်၏ စားဖိုဆောင်နံရံနှင့် လမ်းဘေး
အုတ်တံတိုင်းကြားတွင် ယင်းနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးက နှစ်ဂါလန်ဆံ့
ပလတ်စတစ်ပုံး အဝတွင် အဝတ်စဆို့ကာ စားဖိုဆောင်နံရံကို ဓာတ်ဆီဖြင့် ပက်၍
မီးရှို့ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် စားဖိုဆောင်၏
အုတ်နံရံနှင့် မျက်နှာကြက်တို့ မီးလောင်ခဲ့ကြောင်း စားသောက်ဆိုင်မှ
တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ဆိုင်မီးဖိုချောင်ကို မီးရှို့ပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို
မြင်တဲ့သူတွေ ရှိပါတယ်။ မီးမလောင်ခင်မှာ ရပ်ကွက်ထဲ လျှပ်စစ်မီးတွေ
ပျက်နေတယ်” ဟု အဆိုပါဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဓာတ်ဆီပက် မီးရှို့ခံရမှုကြောင့် ဆိုင်၏ မီးဖိုချောင်နံရံနှင့်
မျက်နှာကြက်တို့ မီးဟပ်ခဲ့ပြီး ရေပိုက်လိုင်းများ မီးလောင်ခဲ့ကာ
ရပ်ကွက်နေသူများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သောကြောင့် ၁၅ မိနစ်ခန့် အကြာတွင်
မီးငြိမ်းခဲ့ကြောင်း ယင်းလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။
လျှပ်စစ်မီးများ ပျက်ချိန် ဓာတ်ဆီပက်ပြီး ဆိုင်မီးရှို့ခံရသော ရွှေလင်ဗန်း
စားသောက်ဆိုင် ပိုင်ရှင်မှာ ရခိုင် တိုင်းရင်းသား ဖြစ်ပြီး
ရပ်ကွက်နေသူများနှင့် ဆက်ဆံရေး ပြေလည်သူ ဖြစ်ကြောင်း ဆိုင်ရှင်မှာ လူမှုရေး
လုပ်ငန်းများကို ကူညီဆောင်ရွက် ပေးနေသူတစ်ဦး ဖြစ်ကြောင်း အမှတ် (၉)
ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ အဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။
“မီးစလောင်ချိန် လမ်း ၄၀ အောက်လမ်းထိပ်က တိုက်ခန်းမှာ နေသူက အိပ်မပျော်လို့
ဝရန်တာထွက် လေညင်းခံနေတုန်း လှမ်းမြင်ပြီး အော်လို့ ရပ်ကွက်က
ဝိုင်းငြိမ်းနိုင်ခဲ့တာ။ လမ်းဘေး ညအိပ်ရပ်ထားတဲ့ ကားတွေနားက ဓာတ်ဆီပုံးပါ
မီးလောင်ခဲ့ရင်တော့ တစ်လမ်းလုံး မီးထဲပါသွားမှာ” ဟု ၎င်းကဆိုသည်။
ရွှေလင်ဗန်း စားသောက်ဆိုင် မီးလောင်မှုနှင့် ပတ်သက်၍ ကျောက်တံတား
မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment