ပဲခူးတိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှ ဒေသခံများကို DKBA
ထိန်းချုပ်နယ်မြေသို့ ခေါ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ခြင်းမှာ
လူသားချင်းစာနာစိတ်သက်သက်ဖြင့် ကူညီခြင်းသာဖြစ်ပြီး
တပ်သားစုဆောင်းခြင်းမဟုတ်ဟု လွတ်လပ်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော်(DKBA)မှ
ဗိုလ်ကြီး စောစိုးမြင့်က ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်၍
တုံ့ပြန်ပြောကြား လိုက်သည်။
အဆိုပါ သမီးကလေးကျေးရွာ ဒုက္ခသည်ဒေသခံများအား ဖေဖော်ဝါရီလ (၁၅)ရက်နေ့
နောက်ဆုံးထား၍ ပဲခူးတိုင်းအတွင်းမှ ထွက်ခွာပေးရန် သက်ဆိုင်ရာက
ထုတ်ပြန်ထားပြီး ထို့သို့ ထွက်ခွာပေးရ၍ နေရာထိုင်းခင်း အဆင်မပြေပါက
ကရင်ပြည်နယ် အတွင်းရှိ ၎င်းတို့၏ ထိမ်းချုပ်နယ်မြေများ၌
လာရောက်နေထိုင်နိုင်ရန် စီစဉ်ပေးမည်ဟု DKBA တပ်ဖွဲ့ဗျူဟာမှူး ဗိုလ်မှူး
စောဆန်းအောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြေကြားခဲ့ပြီးနောက် DKBAက
တပ်သားသစ်စုဆောင်းလို၍ ခေါ်ဆောင်ခြင်း ဖြစ်သည်ဟု ဝေဖန်သံများလည်းကြားလာရသည်။
“ဒုက္ခရောက်နေတဲ့လူကို ကူညီချင်တဲ့သဘောပါ။ ဟိုလိုမျိုး တပ်သားစုဆောင်းတာ
မဟုတ်ဘူး။ နေစရာမရှိတဲ့ လူတွေကို နေချင်ရင် ကျွန်တော်တို့ နဲ့သက်ဆိုင်တဲ့
နယ်မြေမှာ လာနေလို့ရတယ်ဆိုတဲ့သဘောမျိုး ပြောတာပါ။” ဟု (DKBA)တပ်ဖွဲ့မှ
ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။
သမီးလေးကျေးရွာအား တပ်ပိုင်မြေနှင့်မလွတ်သည့်အတွက်ဟု ဆိုကာ ၂၀၁၄ ခုနှစ်
ဇန်နဝါရီ (၂၈) တွင် ရွာလုံးကျွတ် ဖယ်ရှားပေးရန်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဇန်နဝါရီ(၂၇)ရက်တွင်
အမိန့်စာထုတ်ခဲ့ပြီး ဖယ်ရှားပေးခြင်းမရှိ၍ ဖေဖော်ဝါရီ ၄ ရက်နေ့
မနက်(၄း၀၀)နာရီမှစတင်၍ မြောက်ပိုက်းခရိုင်(၈) မြို့နယ်မှ ရဲတပ်ဖွဲ့မှ
ကားအစီး ၂၅ စီးခန့်ဖြင့် ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါသမီးလေးကျေးရွားသားများအနေဖြင့်
ကျေးရွာပြန်လည်ရရှိရေးအတွက်သာ မျှော်လင့်နေပြီး
ဆုံးရှုံးနှစ်နာမှုများကြောင့် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း
မည်သို့ဆက်လက် ရပ်တည်ရမည်ကိုမသိသေးကြောင်း ဒေသခံတစ်ဦးဖြစ်သူ မနီနီဝင်းက
ပြောသည်။
“ကျွန်မတို့ကို ၁၅ရက်နေ့နောက်ဆုံးထားပြီး ပဲခူးတိုင်းထဲက ထွက်ပေးဖို့
အမိန်ထုတ်ထားတယ်။ ဘယ်မှလည်း သွားစရာ မရှိဘူး။ ပြီးတော့ ဒီရွာတွေက တကယ့်
တရားဝင်ရွာတွေပါ။ ငယ်ငယ်ကတည်းကနေလာခဲ့တဲ့ ရွာတွေပါ”ဟု မနီနီဝင်းက ပြောသည်။
လှည်ကူးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၁) ရွာအား အမှတ် (၁၁)
တပ်မဌာနချုပ် (ရဲမွန်) က ပြီးခဲ့သည့် ၁၉၉၂ ခုနှစ်မှ စတင်၍
ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး အချို့ကျေးရွာများသည်
ပြောင်းရွှေ့ပြီးဖြစ်သော်လည်း နှစ်ရွာပေါင်း သမီးလေးနှင့် အင်းမတီး ကျေးရွာက
ပြောင်းရွှေ့ခြင်းမရှိသည့်အတွက် စုစုပေါင်း အိမ်ခြေ (၁၀၀)ကျော်ကို
ယခုကဲ့သို့ အင်အားသုံးဖယ်ရှားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ဆိုထားသည်။
Myitmakha Media Group
No comments:
Post a Comment