22 February 2014

တောင်းရမ်းစားသောက်သူတွေ ပျောက်အောင်လုပ်ပေးကြပါ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ မြေပြင်စာရင်း ကောက်မှုအရ ရန်ကုန်မြို့တွင်း တောင်းရမ်းစားသောက်သူ ဦးရေ ၂,၄၀၀ ကျော်ရှိပြီး သက်ကြီးရွယ်အို (၈) ရာခိုင်နှုန်း ပါဝင်နေသည်ဆို သော သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။

အဆိုပါ တောင်းရမ်းစားသောက်သူ အများစုသည် အိမ်ရာမဲ့များဖြစ်ပြီး ညဘက်တွင် အများပိုင်နေရာများ ဖြစ်သည့် ကားဂိတ်၊ လူမနေသော အဆောက်အအုံအဟောင်းများတွင် နေထိုင်သူများ ဖြစ်သည်။ နံနက် မိုးလင်းကတည်းက လမ်းဆုံလမ်းခွ မီးပွိုင့်များတွင် ကိုယ်ဝန်ဆောင် များ၊ ကလေးငယ်များ ချီထားသော မိခင်များ၊ ဆယ်နှစ်အောက် ကလေးငယ်များ မော်တော်ယာဉ်များကြားတွင် ငွေကြေးတောင်းရမ်းနေသည် ကို နေ့စဉ်မြင်တွေ့ရမည် ဖြစ်သည်။ အချို့ဆိုလျှင် ယာဉ်နှစ်လမ်းသွား အလယ်ခေါင် မတ်တတ်ရပ်ပြီးနေသဖြင့် မီးပွိုင့်စိမ်းလျှင် မော်တော်ယာဉ်များက သတိထားပြီး ရှောင်ကွင်း မောင်းနှင်ကြရသည်။

ယာဉ်အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေသဖြင့် ယာဉ်မောင်းသူများ နေ့စဉ်သတိကြီးစွာ ထားနေရသည်။ တောင်းရမ်းငွေမပေးသော ကားအချို့ကို ကလေးများက ကားကို လက်ဖြင့်ထုသဖြင့် အချို့ယာဉ် မောင်းများက ပြန်လည် အော်ဟစ်သည်များကိုလည်း တွေ့ရသည်။
လမ်းဆုံမီးပွိုင့်အနီးတွင် အုပ်ထိန်းသူ သို့မဟုတ် မိခင်ဖြစ်သူများက လမ်း ညွှန်စေခိုင်းသည်များကိုလည်း တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ တောင်းရမ်းစား သောက်သူများကို နိစ္စဓူဝတွေ့နေရသဖြင့် ခရီးသွားတို့ များနှင့် ယာဉ်မောင်းများအဖို့ စိတ်မချမ်းသာစရာပင် ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် တောင်းရမ်း စားသောက်သူ ပပျောက် ရေး စီမံချက်များ ချမှတ်လုပ်ဆောင်ခဲ့သည်များ ရှိခဲ့ဖူးပါသည်။ တောင်းရမ်းစားသောက်သူများကို ဓာတ်ပုံ ရိုက်ယူကာ နိုင်ငံတကာ သတင်းဂျာနယ်၊ စာစောင်များက မြန်မာနိုင်ငံအကြောင်း ရန်ကုန်မြို့အကြောင်း ရေးသားရာ၌ ၎င်းတို့ပုံများကို ဖော်ပြခဲ့ကြသည်။

နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ပြယုဂ်ဟုသတ်မှတ်ကာ အဆိုပါ တောင်းရမ်း စားသောက်သူများကို မြို့သစ်၊ ရွာသစ်များတွင် စိုက်ပျိုးမြေများပါချပေး၍ ရန်ကုန်မြို့မှ ရှင်းလင်းခဲ့ဖူးသည်။
ယခုအခါ တောင်းရမ်း စားသောက်သူများသာမက ကျူးကျော်ဖျက်သိမ်းမှုကြောင့် တိုးပွားလာသော အိမ်ရာမဲ့များ ရန်ကုန်မြို့တစ်ခွင်တွင် အနှံ့အပြား တိုးပွားလျက်ရှိသည်။
နေရာမဲ့၊ အလုပ်အကိုင်မဲ့ မိသားစုဘ၀ အခြေအနေမဲ့ရာက တောင်းရမ်းစားသောက်သူများ ဖြစ်လာကြသည်ဟု တောင်းရမ်းသူမိသားစု တစ်စုက ပြောဖူးသည်။ အချို့ မသန်မစွမ်းသူများသည်လည်း တောင်း ရမ်း စားသောက်သူအဖြစ် ရောက်ရှိသွားကြသည်။
လမ်းပေါ်တွင် နေထိုင်နေရသည့် ကလေးငယ်များ အရွယ်ရောက်လာသည့်အခါ ပညာမဲ့ကာ၊ ဆိုးသွမ်း လူငယ်များအဖြစ်သို့ ကူးပြောင်းသွားတတ်ကြသည်။ ရာဇ၀တ်မှုများ ကျူးလွန်တတ်ကာ လူမှုပတ်ဝန်း ကျင်၏ ၀န်ထုပ်ဝန်ပိုးများ ဖြစ်လာကြမည် ဖြစ်သည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ခေါင်းစဉ်ကြီးအောက်တွင် အိမ်မဲ့ရာမဲ့ ကျူးကျော်များအရေးနှင့်အတူ တောင်းရမ်းစားသောက်သူ ပပျောက်ရေး ကိစ္စများကိုပါ ထည့်သွင်း အကောင်အထည်ဖော်နိုင်ပါမှ မြို့ပြအင်္ဂါနှင့် နိုင်ငံ့ဂုဏ်သိက္ခာ မြင့်မားလာမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများအပါအ၀င် လူမှုအဖွဲ့အစည်းများကပါ တောင်းရမ်းစားသောက်သူ ပပျောက်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် နည်းလမ်းရှာဖွေကာ ပူးပေါင်းလုပ်ကိုင်ရန် လိုအပ်ပါသည်။
 By Mizzima

No comments:

Post a Comment