မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက် တိုက်နယ်၊ ကလော့သော့ ကျေးရွာနှင့်
ဖယ်ဒိုကျေးရွာ အကြားရှိ မော်လမြိုင် သံဖြူဇရပ် လမ်းမကြီးပေါ်တွင်
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က ဘုရားဖူး
မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် နှစ်စီးတို့ မျက်နှာချင်း
ဆိုင်တိုက်မိမှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဆေးရုံတင်ထားရကြောင်း
ကမာဝက် တိုက်နယ်ရဲစခန်း စခန်းမှူးရဲအုပ် စိုးမင်းလတ်က ပြောကြားသည်။
သံဖြူဇရပ် ဘက်မှလာသည့် ဘုရားဖူး မော်တော်ယာဉ် လိုက်ထရပ်ကား အဖြူရောင်နှင့်
(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို လှည့်လည်ကြည့်ရှုရန် မုဒုံဘက်မှလာသည့်
ဆိုင်ကယ်နှစ်စီးတို့ မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ခြင်း ဖြစ်ရာ Wave-X
125 ဆိုင်ကယ်မှ အသက် ၁၅ နှစ်အရွယ် အောင်သိုက်နှင့် အသက် ၁၃ နှစ်အရွယ်
အောင်ချမ်းတို့ ညီအစ်ကိုနှစ်ဦး မုဒုံဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု
၎င်းကဆိုသည်။
ဘုရားဖူး လိုက်ထရပ်ကားသည် ရှေ့မှ မောင်းနှင်နေသော ကားကို ကျော်တက်ရာမှ
Wave-X 125 ဆိုင်ကယ်နှင့် Wave 100 ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိခြင်း
ဖြစ်ကြောင်း၊ မျက်နှာချင်း ဆိုက်တိုက်မိသည့် ဆိုင်ကယ်နှစ်စီးမှ
ဒဏ်ရာရသူနှင့် သေဆုံးသူများသည် မုဒုံမြို့နယ် စိန်တောင်ကျေးရွာတွင်
နေထိုင်သူများ ဖြစ်ပြီး Wave 100 ဆိုင်ကယ်မှ အသက် ၁၇ နှစ်အရွယ်
ချမ်းရွတ်သည် ဦးခေါင်းဘေးပေါက်ပြဲ ဒဏ်ရာ၊ ဝဲလက်မောင်း ဖူးရောင်ဒဏ်ရာများ
ရရှိခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင်
မုဒုံဆေးရုံကြီးမှတစ်ဆင့် မော်လမြိုင် ဆေးရုံကြီး သို့ ပြောင်းရွှေ့ကုသလျက်
ရှိကြောင်းနှင့် Wave-X 125 ဆိုင်ကယ်မှာ ယာဉ်တိုက်မှု အရှိန်ကြောင့်
အင်ဂျင်ကွဲသွားကြောင်း ကမာဝက်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
“ဝုန်းဆိုတဲ့ အသံကြားလို့ ထွက်ကြည့်တာ ဆိုင်ကယ်နဲ့ ကားနဲ့တိုက်တာ
ဖြစ်နေတယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ ကားခေါင်းတစ်ခြမ်းလည်း
ချိုင့်ဝင်သွားတယ်။ ကားမှန်တွေလည်း အက်ကွဲသွားတယ်။ ဆိုင်ကယ်တစ်စီးကတော့
ကြေထွက်သွားတယ်” ဟု ယာဉ်တိုက်မှုကို မျက်မြင်တွေ့ရှိခဲ့သည့် ရော်ဘာခြံ
လုပ်သားများက ပြောဆိုသည်။
ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ကမာဝက်ရဲစခန်းမှ သတင်းရရှိသဖြင့်
သွားရောက်စဉ် လိုက်ထရပ်ကားမှ ယာဉ်မောင်းသည် ထွက်ပြေး
တိမ်းရှောင်သွားကြောင်း၊ အဆိုပါ ယာဉ်မောင်းကို ရဲစခန်းက စုံစမ်းနေဆဲ
ဖြစ်ကြောင်းနှင့် ကမာဝက် ရဲစခန်းတွင် ယာဉ် (ပ)၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄
(က)/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်ထားကြောင်း ရဲအုပ်စိုးမင်းလတ်က ပြောဆိုသည်။
By The Voice Weekly
No comments:
Post a Comment