ဖားကန့်ဒေသတွင် တွေ့ရှိခဲ့သည့် ကျောက်စိမ်းတုံးကြီးမဟုတ်ဘဲ
ကျောက်တုံးကြီးအဆင့်သာရှိသည့် ကျောက်တုံးကြီးကို သတ္တုတွင်းဝန်ကြီးဌာန
လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာနမှ ခေတ္တထိန်းသိမ်းထားပြီး နေပြည်တော်သို့
ပို့ရန် စီစဉ်နေကြောင်း အထက်ပါဌာနမှ သတင်းရရှိသည်။
‘‘ပြည်နယ်အစိုးရက ဖွဲ့ထားတဲ့ ကျောက်စိမ်းတုံးသယ်ယူပို့ဆောင်ရေးအဖွဲ့ရှေ့မှာ
ချိတ်ပိတ်ပြီး ဝေခါကျောက်မှော်ကနေ အခု လုံးခင်းကို ရောက်နေပါပြီ’’ဟု
လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ခန့်မှန်းပြောဆိုမှုများအရ အဆိုပါကျောက်တုံးကြီးမှာ ကျောက်စိမ်းအဖြစ်သို့
မပြောင်းလဲမီ မောက်တုံးအဆင့်သာရှိပြီး ခန့်မှန်းတန်ချိန် ၃၀ မှ တန် ၅၀ အထိ
ရှိသည်ဟု အမျိုးမျိုး ထင်ကြေးပေး ပြောဆိုကြလျက်ရှိသည်။
အဆိုပါကျောက်တုံးကြီးမှာ သယ်ယူစဉ်ကွဲထွက်သွားသည်မဟုတ်ဘဲ တူးယူနေစဉ်
မြေသားများနှင့် တောင်မြေစာများ ပြိုကျခြင်းများကြောင့်သာဖြစ်ပြီး
ကျောက်တုံးကြီး၏ အစိတ်အပိုင်းအချို့သာ ကွဲခြင်းတွင် ပါဝင်ကြောင်း
လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
၎င်းကျောက်တုံးကြီးအား နေပြည်တော်သို့ ပို့ရမည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး
ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးအား 7 Day Daily က မေးမြန်းသော်လည်း
တွေ့ဆုံမေးမြန်းခွင့်မရခဲ့ပေ။
သတ္တုတွင်းဝန်ကြီးဌာနမှ ၎င်းတို့ဌာနသို့ တင်ပြလာသည့် အစီရင်ခံစာအရ
ယင်းကျောက်တုံးကြီးကို သုံးခြမ်းပုံစံဖြင့် စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး
ကျောက်စိမ်းသက်တမ်းနု ငါးတန်နီးပါး ပါဝင်သည်ကို တွေ့ရှိရပြီး
ကျောက်စိမ်းအဆင့်မမီသေးကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း နေပြည်တော်မှ
ညွှန်ကြားရေးမှူးကပြောသည်။
အဆိုပါကျောက်စိမ်းအမျိုးအစားမှာ ပလွမ်အမျိုးအစားဖြစ်ပြီး ဈေးကွက်တွင်
အရည်အသွေးနိမ့်ကျောက်စိမ်းအမျိုးအစားဖြစ်ကြောင်း ဖားကန့်မှ
ကျောက်မျက်ရတနာလုပ်ငန်းရှင် ဦးစိုးနိုင်ကရှင်းပြသည်။
၎င်းကျောက်တုံးကြီးကို ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဝေခါကျောက်မှော်တွင်
တစ်နိုင်တစ်ပိုင်ကျောက်စိမ်းတူးဖော်သူများက စတင်တွေ့ရှိခဲ့ပြီး
အာဏာပိုင်များက လုံခြုံရေးအပြည့်ဖြင့် ထိန်းသိမ်းထားစဉ် ဖေဖော်ဝါရီ ၂၄ ရက်က
သယ်ယူရာ၌ ကျောက်စိမ်းတုံးမဟုတ်ဘဲ မောက်တုံးကျောက်တုံးအဆင့်သာရှိကြောင်း
စစ်ဆေးတွေ့ရှိခဲ့သည်။
Author: အောင်ခိုင် / မိုးညို
7day Daily
No comments:
Post a Comment