28 February 2014

ပြင်သစ်နိုင်ငံသား တစ်ဦးကို ကျည်ဆန်များနှင့်အတူ လေဆိပ်တွင် ဖမ်းမိ

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ပြင်သစ်နိုင်ငံသားတစ်ဦးကို ကျည်ဆန်များတွေ့ရှိမဖြင့် မင်္ဂလာဒုံရဲစခန်းက ဖေဖော်ဝါရီ ၂၆ ရက်တွင် အမှုဖွင့်ဖမ်းဆီးလိုက်သည်။
ဖြစ်စဉ်မှာ ည ၇ နာရီကျော်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Jet Star လေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှ စီးလာသည့် ပြင်သစ်နိုင်ငံသား Mr.Briano Florent Jean Marine ဆိုသူထံမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းကိုင်ဆောင်သည့် ခရီးဆောင်အိတ်ကို လေဆိပ်ရဲတပ်ဖွဲ့က X-Ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးစဉ် ကျည်ဆန်များတွေ့ရှိခဲ့သည်ဟု ရဲအဖွဲ့က ဆိုသည်။
ထို့ကြောင့် လေကြောင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ ရဲတပ်ဖွဲ့ဝင်များက ဖွင့်ဖောက်စစ်ဆေးရာ ခုနစ်မီလီမီတာ  Remington Mag ကျည် ခုနစ်တောင့်ကို စစ်စိမ်းရောင် အိတ်အတွင်း တွေ့ရှိခဲ့သည်ဟု ရဲကဆိုသည်။
ထို့နောက် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာတွင် ခွင့်ပြုချက်မရှိဘဲ ကျည်ဆန်များ ကိုင်ဆောင်သူ အဆိုပါ ပြင်သစ်နိုင်ငံသားကို အရေးယူပေးရန် လေကြောင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ ဒု-ရဲမှူး မင်းဆုဦးက တရားလိုပြုလုပ် တိုင်တန်းလိုက်သည်။

ယင်းတိုင်တန်းမှုကို မင်္ဂလာဒုံရဲစခန်းက (ပ)၁၀၁/၂၀၁၄ဖြင့် အမှုဖွင့်လိုက်ပြီး တိုင်တန်းခံရသူကို ၁၈၇၈ ခုနှစ် လက်နက် ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ဇော်ဇော်ထွေး  /mizzimaburmese

No comments:

Post a Comment