ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို ၎င်းနှစ်တစ်ရာပြည့် မွေးနေ့ဖြစ်သော ၂၀၁၅
ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရုံတင် ပြသနိုင်ရန် အပြီးသတ် ရိုက်ကူးပါက
ဇာတ်လမ်းကောင်း ဖြစ်မည် မဟုတ်သောကြောင့် အချိန်ယူ၍ အကောင်းဆုံး ဖြစ်အောင်
လုပ်ဆောင်သွားရန် ဆုံးဖြတ်လိုက်ကြောင်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွင်
ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည်က The Voice သို့ ပြောကြားသည်။
“မြန်မြန်နဲ့ မကောင်းတကောင်း လုပ်မလား၊ ကောင်းကောင်း လုပ်ပြီး အချိန်ယူမလား
ဆိုတော့ ကောင်းကောင်း လုပ်ပြီး အချိန်ယူ လုပ်နိုင်အောင်
ဆုံးဖြတ်လိုက်တာပါ” ဟု ၎င်းကဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ကားကဲ့သို့ နိုင်ငံတကာ အဆင့်မီ
ဇာတ်ညွန်းကို မြန်မာနိုင်ငံတွင် ရိုက်ကူးမှု မရှိခဲ့သောကြောင့် ရုပ်ရှင်
ဖြစ်မြောက်ရေး အဖွဲ့တွင် အခက်အခဲ များစွာနှင့် အလုပ်များစွာ လုပ်နေရကြောင်း
၎င်းက ထပ်လောင်း ပြောဆိုသည်။
ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ကြိုးပမ်း လုပ်ဆောင် လာသည်မှာ နှစ်နှစ်ခန့်
ကြာမြင့်လာပြီ ဖြစ်ပြီး ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်မည့် သူနှင့်
ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်မည့်သူ နှစ်ဦးကို လိုအပ်သည့် သင်တန်းများ
ပေးပို့နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှ
ပြောရေးဆိုခွင့် ရှိသူ ဦးဇော်သက်ထွေးက ပြောသည်။
ထို့အပြင် လက်ရှိ ရေးဆွဲပြီးသော ဇာတ်ညွှန်းကို အင်္ဂလိပ် ဘာသာဖြင့် ထပ်မံ
ရေးဆွဲ၍ ကနေဒါ၊ အမေရိကန်နှင့် အင်္ဂလန်နိုင်ငံမှ ရုပ်ရှင်၊ ဇာတ်ညွှန်း
ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း
၎င်းကဆိုသည်။
အဆိုပါ ဇာတ်လမ်းကို ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့တွင်
ပြသနိုင်မှု မရှိတော့သော်လည်း ၂၀၁၆ ခုနှစ် မရောက်မီ ပြသနိုင်ရန် ကြိုးစား
လုပ်ဆောင်သွားမည် ဖြစ်ပြီး မျှော်လင့်သည် အတိုင်း ဖြစ်မလာသည့် အတွက် မြန်မာ
ပရိသတ်များကို တောင်းပန်ကြောင်း ဦးဇော်သက်ထွေးက ထပ်လောင်း ပြောကြားသည်။
“လာမယ့် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တစ်ရာပြည့် မွေးနှစ်မှာ
“အောင်ဆန်း” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားကြီး ရုံတင်
ပြသနိုင်မလား။ ကျွန်တော်တို့ တစ်နိုင်ငံလုံးကို လိမ်စရာ မလိုဘူး။ သေချာတာ
တစ်ခုကတော့ အဲဒီနေ့မှာ စရိုက်နိုင်ရင်တောင် ကံကောင်းတယ်လို့ ပြောရမယ်” ဟု
အနုပညာရှင် တစ်ဦးဖြစ်သူ ဦးသူရ ခေါ် ဇာဂနာက ပေါ်ပြူလာ သတင်းဂျာနယ်နှင့်
တွေ့ဆုံ မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။
The Voice Weekly
No comments:
Post a Comment