ခရီးသည် ၁၅ ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦးကို တင်ဆောင်သွားသော နီပေါ
လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးသည် တနင်္ဂနွေနေ့ ဒေသ
စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လေဆိပ်မှ ထွက်ခွာ သွားပြီးနောက် ၁၅
မိနစ်ခန့် အကြာတွင် ပျောက်ဆုံး သွားခဲ့သည်ဟု CNA သတင်း ဌာနတွင်
ဖော်ပြထားသည်။
အဆိုပါ ခရီးသည်တင် လေယာဉ်သည် ပုပ်ခ်ဟာရာ လေဆိပ်မှ ထွက်ခွာ သွားပြီးနောက်
ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် အရွယ်ရောက်ပြီး ခရီးသည် ၁၄
ဦး၊ နို့စို့ ကလေးအရွယ် ခရီးသည် တစ်ဦးနှင့် လေယာဉ် ဝန်ထမ်း သုံးဦး
လိုက်ပါသွားကြောင်း နီပေါ လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်
တစ်ဦးက ပြောကြားသည်။
ပုပ်ခ်ဟာရာ ဒေသသည် ကမ္ဘာလှည့် ခရီးသည် အများစု လာရောက် လည်ပတ်လေ့ရှိသော
ဒေသတစ်ခု ဖြစ်ပြီး မြို့တော် ခတ္တမဒူမှ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်
အကွာတွင် တည်ရှိသည်။
“ခရီးသည်တွေထဲက တစ်ယောက်က ဒိန်းမတ်ကပါ။ ဒါပေမဲ့ ကျန်တဲ့ ခရီးသည်တွေ
အားလုံးကတော့ နီပေါက ခရီးသည်တွေ ချည်းပါပဲ” ဟု နီပေါ လေကြောင်းလိုင်း၏
ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရမ်ဟာရီ ရှာမာက ပြောကြားသည်။
လေကြောင်းလိုင်းမှ တာဝန်ရှိသူများက လေယာဉ်၏ တည်နေရာကို ရှာဖွေရန်နှင့်
အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားရန်
ရဲတပ်ဖွဲ့ကို အကြောင်း ကြားထားသည်ဟုလည်း မစ္စတာ ရှာမာက ပြောကြားသည်။
ယခု ပျောက်ဆုံးလျက် ရှိသော နီပေါ လေကြောင်းလိုင်းပိုင် လေယာဉ်သည်
ပုပ်ခ်ဟာရာမှ ဂျမ်မလာမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံး သွားခဲ့ခြင်း
ဖြစ်သည်။
စီးပွားရေးအတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ရရှိသော ဝင်ငွေကို အဓိက
ထားနေရသော နီပေါနိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်း လေယာဉ် ပျက်ကျမှု
အကြိမ်ရေ မနည်း ဖြစ်ပွားခဲ့ပြီး အများစုမှာ လေယာဉ်မှူးများ၏ အတွေ့အကြုံ
နည်းပါးမှု၊ လေယာဉ် ပြုပြင် ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှု
ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သောနှစ် အောက်တိုဘာလ အတွင်းကလည်း ပုပ်ခ်ဟာရာ မြို့အနီးတွင် အပေါ့စား
လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့ပြီး ဒေသခံ လေယာဉ်မှူး တစ်ဦးနှင့် တရုတ်
ခရီးသွား တစ်ဦးတို့ သေဆုံးခဲ့သည်။
ဥရောပသမဂ္ဂသည် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ အတွင်းက ကမ္ဘာ တစ်ဝန်းရှိ
နိုင်ငံပိုင် လေကြောင်းလိုင်းများကို ဘေးကင်း လုံခြုံမှုအတွက် စိတ်ချရခြင်း
မရှိဟုဆိုကာ အမည်ပျက် စာရင်း သွင်းခဲ့ပြီး ထိုလေကြောင်း လိုင်းများ
ဥရောပသို့ ပျံသန်းခြင်းကိုလည်း တားမြစ်ခဲ့သည်။
By The Voice Weekly
No comments:
Post a Comment