25 February 2014

လိုင်းကားခြေနင်းခုံ တွယ်စီးသည့် ဗိုလ်ကြီးတစ်ဦး ၁၂ ဘီးယာဉ်ဖြင့် တိုက်မိသေဆုံး

အရပ်ဝတ်ဖြင့် လိုင်းကား ခြေနင်းခုံတွင် တွယ်စီးလာသည့် ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိတစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားကြောင်း ဒါးပိန်နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၃ ရက် နံနက်တွင် လှည်းကူးမြို့နယ်၊ အမှတ် (၂)လမ်းမကြီးပေါ် ဆည်မြောင်းမှတ်တိုင်၌ လှည်းကူး-ဒါးပိန်- သင်္ဃန်းကျွန်း ပြေးဆွဲသည့် ခရီးသည်တင် ဒိုင်နာယာဉ်သည် ခရီးသည်အတင်အချပြုလုပ်နေစဉ် အမှတ်(၂)လမ်းမကြီးအတိုင်း မောင်းလာသော ၁၂ ဘီး ကုန်တင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ အဆိုပါဒိုင်နာယာဉ်ကို အနောက်ဘက်မှ ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။


အဆိုပါယာဉ်တိုက်မှုကြောင့် ဒိုင်နာယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်များအနက် ခလရ(၇၂)လွိုင်ကော်တပ်မှ ရန်ကုန်တွင် လက်နက်ကြီးသင်တန်းတက်ရန် လာရောက်သည့် ဗိုလ်ကြီးစောနိုင်ဟိန်းမှာ ညာဘက်ခြေသလုံးရိုးကျိုးကာ ကျောကုန်းတွင် ဒဏ်ရာများရပြီး အဆိုပါနေရာ၌ပင် သေဆုံးသွားခဲ့သည်။ အခြား ခရီးသည်သုံးဦးမှာလည်း ဒဏ်ရာရခဲ့သဖြင့် ဒါးပိန်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

Author: သန်းဌေး
7day Daily

No comments:

Post a Comment