မှော်ဘီမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ၁၅၀၀ ကွက်သစ်၊ ထာဝရလမ်းတွင်
ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီခန့်က မူလတန်းပြ အငြိမ်းစား ကျောင်းဆရာမ၏
သော့ပိတ်ထားသော အိမ်အတွင်းသို့ ဝင်ရောက်ကာ ကြိုးဆွဲချ သေဆုံးနေသည့်
ငါးတန်းကျောင်းသား တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းရပ်ကွက်
နေသူများထံမှ စုံစမ်း သိရှိရသည်။
ထာဝရလမ်းမှ အသက် ၄၅ နှစ် အရွယ်ရှိ အငြိမ်းစား ကျောင်းဆရာမ ဒေါ်ရီရီမြင့်
ပိုင်ဆိုင်သော ခြေတံရှည် ပျဉ်ထောင်နေအိမ် အခန်းရှိ ထုပ်တန်းတွင်
တစ်လမ်းတည်း နေသည့် စိတ်ကျန်းမာရေး ချို့တဲ့နေသည် ဆိုသော အသက် ၁၆ နှစ်
အရွယ်ရှိ ပဉ္စမတန်း ကျောင်းသားတစ်ဦး ကြိုးဆွဲချလျက် သေဆုံးနေကြောင်း
ဒေါ်ရီရီမြင့်က ပြောကြားသည်။
“ဒီအိမ်နဲ့ခြံ ဝယ်ထားတာ တစ်နှစ်ကျော်ပြီ။ ဒါပေမဲ့ လူမနေဖြစ်ဘူး။ ကလေးတွေ
စာမေးပွဲ ဖြေပြီးလို့ ရန်ကုန်က ပြန်လာရင် အဆင်သင့် နေရအောင် ဒီမနက်
အိမ်သန့်ရှင်းရေး လာလုပ်တုန်း အိမ်ခန်းတံခါး ဖွင့်လိုက်တော့ အထဲမှာ
ကြိုးဆွဲချ သေနေတဲ့ ကလေးကို တွေ့လိုက်တော့ အရမ်းလန့်သွားတယ်” ဟု ၎င်းက
ရှင်းပြသည်။
ကြိုးဆွဲချ သေဆုံးသူမှာ စိတ်ကျန်းမာရေး ချို့တဲ့သူ ဖြစ်သောကြောင့် ယခုနှစ်
ငါးတန်း စာမေးပွဲကို ဝင်ရောက် ဖြေကြားခြင်း မရှိကြောင်း၊ ၎င်းပျောက်ဆုံး
နေသည်မှာ နှစ်ရက်ခန့် ရှိပြီး ဖြစ်သော်လည်း သူငယ်ချင်းများ ထံသို့
သွားရောက် လည်ပတ်နေသည်ဟု ထင်မှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များ ထံမှ
သိရှိရသည်။
“အိမ်က ခြေတံရှည် အိမ်ဖြစ်လို့ အိမ်အောက်ကနေ ပျဉ်ကို ကန့်လန့်ခွာပြီး
အိမ်ထဲ ခိုးဝင်ပြီးတော့ ကြိုးဆွဲချ သေဆုံးတာ ဖြစ်နိုင်တယ်။ အိမ်ဝင်ပေါက်
တံခါးတွေက အကုန် သော့ခတ်ထားတာ။ အိမ်နောက်ခြမ်းဘက်က ပျဉ်ချပ်တွေ ခွာထားတဲ့
အပေါက်ကို တွေ့တယ်။ သေဆုံးတာ တစ်ရက်ကျော်ပြီမို့ အလောင်းက တောင့်နေပြီ” ဟု
အလောင်းကို ဆေးရုံသို့ ပို့ဆောင်ပေးသူ အသက် ၃၀ ၀န်းကျင်ရှိ အမျိုးသား
တစ်ဦးက ပြောကြားသည်။
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို မှော်ဘီ ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ထားပြီး လတ်တလော စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း မှော်ဘီမြို့မ
ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly
No comments:
Post a Comment