ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၂၀။ ။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊
မန်းသက်အုပ်စု၊ ဆင်နှာမောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ဓားကိုင်
ဆောင်လာသည့်လူတစ်ဦးမှ အနုကြမ်းစီး၊ ဓါးပြတိုက်ခံခဲ့ရပြီး
ကျေးရွာခွဲအုပ်ချုပ်ရေးမှူး လင်မယား ဓားဒဏ်ရာများရရှိခဲ့သည်ဟု မြို့နယ်
ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
အနုကြမ်းစီးနင်းခြင်းခံရသည့် ကျေးရွာခွဲ အုပ်ချုပ်ရေးမှူး လင်မယားမှာ
ဦးဖိုးကြည်နှင့် ဇနီး မမိကွန်း ဆိုသူတို့ဖြစ်သည်။ ထိုသူတို့သည် နေအိမ်ရှိ
မီးဖိုဆောင်တွင် မနက် ၅ နာရီအချိန်ခန့်က လင်းမယားနှစ်ယောက် အတူထိုင်၍
မီးလှုံနေစဉ် အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်ပေါ်သို့ တက်ရောက်လာပြီး "ဒါ
အုပ်ချုပ်ရေးမှူး နေအိမ်လား” ဟု မေးမြန်းပြီးနောက် ပိုက်ဆံပေးရန်
တောင်ခံခဲ့ခြင်း ဖြစ်သည်။
ကျေးရွာအုပ်ချုပ်ရေးမှူး လင်းမယားက မိမိတို့တွင် ပိုက်ဆံမရှိကြောင်း
ပြန်ပြောရာ အမည်မသိလူတစ်ဦးက အသင့်ယူဆောင်လာသည့် ၁၅ လက်မခန့်ရှိ
ဦးချွန်ဓား တစ်ချောင်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယားအား
ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနရုံးဝန်ထမ်းတစ်ဦးက ဖြစ်စဉ်ကို ပြောပြသည်။
အုပ်ချုပ်ရေးမှု၏ နေအိမ်အနီးတွင် နေထိုင်သည့် ဦးစိုးဝင်း၊ ဦးလှဝင်း၊
ဦးစောထွေး ဆိုသူတို့နှင့် ရွာသူရွာသားများသည် "ကယ်တော်မူကျပါဦး” ဟု
အော်ဟစ်အကူအညီတောင်းသံကြားရသဖြင့် အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ သွားရောက်
ဝိုင်းဝန်းခဲ့ရာတွင် အနုကြမ်းဝင်ရောက်စီးနင်းသူမှာ နမ့်ထိပ်
ကွန်းချောင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု ရဲမှတ်တမ်းတွင်
ဖော်ပြထားသည်။
ထို့နောက် ရွာသားများက လိုက်လံရှာဖွေခဲ့ပြီး ခက်ခက်ခဲခဲ ဖမ်းဆီးခဲ့ရသည်ဟု ဆင်နှာမောင်း ကျေးရွာသားတစ်ဦးက ပြောပြသည်။
“အော်ဟစ်အကူအညီတောင်းသံကြားရလို့ အုပ်ချုပ်ရေးမှူးအိမ်ကိုရောက်သွားတဲ့အခါ
လင်မယားနှစ်ယောက်စလုံး မျက်နှာပြင်မှာ သွေးတွေစီးကျနေတာကို
မြင်လိုက်ရပါတယ်...” ဟု အိမ်နီးနားချင်းဖြစ်သူ ဦးစိုးဝင်းက ပြောသည်။
ဓါးဖြင့် ခုတ်ခံရခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးကြည်တွင်
ဝဲဘက်မျက်လုံးဘေးပြတ်ရှဒဏ်ရာ၊ ၀ဲဘက်မေးရိုးအပေါ် ပြတ်ရှဒဏ်ရာ၊
နှာခေါင်းဝဲဘက် ပြတ်ရှဒဏ်ရာ၊ ၀ဲဘက်မျက်လုံး ဖုယောင်ညိုမဲ
ဒဏ်ရာများရရှိခဲ့ပြီး၊ ဇနီးဖြစ်သူမှာ ၀ဲဘက်တတောင်ဆစ် ပြတ်ရှဒဏ်ရာ၊
ဝဲဘက်လက်ခလယ်၊ လက်သန်းကြွယ် ပြတ်ရှ ဒဏ်ရာ၊ ၀ဲဘက်မျက်ခုံး
ပြတ်ရှဒဏ်ရာ၊ပါးပြင်နှစ်ဘက် ပြတ်ရှဒဏ်ရာများရရှိခဲ့သည်။
ရရှိထားသော ပြတ်ရှဓား ဒဏ်ရာများသည် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း
ဟုမ္မလင်းပြည်သူ့ဆေးရုံရှိ မှုခင်းဆေးပညာ ဆရာဝန်ကြီးက
ခန့်မှန်းပြောဆိုထားသည်။
အနုကြမ်းဝင်ရောက်စီးနင်းသူကို ဒေသခံရွာသားများက ဟုမ္မလင်းမြို့မ ရဲစခန်းတွင်
ရွာသားများက အပ်နှံခဲ့ကြသည်။ ရဲဌာန၏ ပြောကြားချက်များအရ
အနုကြမ်းဝင်ရောက်စီးနင်းသူမှာ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊
ဖောင်းပြင်မြို့နယ်၊ ရွှေထီးကုန်းကျေးရွာနေ ကိုစောမင်းထွေ(ခ) ဖိုးတုတ်
ဆိုသူဖြစ်သည်ဟု အတည်ပြုထားသည်။
Mizzima Burmese
No comments:
Post a Comment