လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင် ဧပြီလ ၂ ရက်
ည ၉ နာရီခန့်က အဆိုပါရပ်ကွက် ရာအိမ်မှူးတစ်ဦးနှင့် ဆယ်အိမ်မှူး
နှစ်ဦးကို လူငယ်ခုနစ်ဦး ပါဝင်သော အုပ်စုက ဓားဖြင့်ထိုး၊ သံတုတ်ဖြင့်
ရိုက်နှက်ခဲ့ကြောင်း အဆိုပါရပ်ကွက် နေသူများထံမှ သိရှိရသည်။
ဗိုလ်ချုပ်လမ်းနှင့် မြရိပ်ညို (၅) လမ်းထောင့်ရှိ ရွှေနဒီ အရက်ဆိုင်ရှေ့တွင်
လူတစ်ဦး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် လမ်းပေါ်လဲကျနေကြောင်း
သတင်းရ၍ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဆယ်အိမ်မှူး နှစ်ဦးက
သွားရောက်ကြည့်ရှုပြီး ရပ်ကွက်အုပ်ချုပ်ရေး ရုံးရှိ တာဝန်ကျနေသူ
ရာအိမ်မှူးထံ ဖုန်းဆက် အကြောင်းကြားနေစဉ် ဓားနှင့် သံတုတ်များ
ကိုင်ဆောင်ထားသော လူငယ်ခုနစ်ဦး ရောက်ရှိလာပြီး ထိုးကြိတ်
ရိုက်နှက်ခဲ့ကြောင်း အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးခင်မောင်လွင်သန်းက ပြောကြားသည်။
“လမ်းပေါ်လဲနေသူရဲ့ အခြေအနေကို ဆယ်အိမ်မှူးက ရပ်ကွက်ရုံးကို ဖုန်းနဲ့
သတင်းပေးပို့တာကို ရဲစခန်းဆီ ဖုန်းဆက်တယ် ထင်ပြီး ရာအိမ်မှူး တစ်ယောက်ရဲ့
လည်ပင်းကို ဓားနဲ့ ထောက်ထားပြီး ဆယ်အိမ်မှူး နှစ်ယောက်ကို ဓားနဲ့ခုတ်၊
သံတုတ်နဲ့ ဝိုင်းရိုက်တာ” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ထိုးကြိတ် ရိုက်နှက်ခံရသောကြောင့် ပင်းယလမ်းမှ ဆယ်အိမ်မှူး
ဦးချမ်းငြိမ်းကိုတွင် ညာလက် ပြတ်ရှဒဏ်ရာနှင့် မျက်နှာ၌ ဖူးရောင် ဒဏ်ရာများ
ရရှိခဲ့ပြီး ချင်းတွင်းလမ်းမှ ဆယ်အိမ်မှူး ဦးဝင်းကိုကိုတွင်
ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနှင့် ကျောကုန်း ထိုးသွင်း ဒဏ်ရာတို့ ရရှိခဲ့သဖြင့်
လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း လှိုင်သာယာမြို့မ
ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“တာဝန်နဲ့ ဆောင်ရွက်နေတဲ့ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးတွေကို ပါးရိုက်၊
ဓားနဲ့ထိုးပြီး သံတုတ်နဲ့ ရိုက်တဲ့ အဖွဲ့က ရပ်ကွက်ထဲ လူမိုက်လုပ်နေတာကို
ရဲတပ်ဖွဲ့က ထိထိရောက်ရောက် ထိန်းသိမ်းပေးစေချင်တယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးက ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံမို့
ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ကို စော်ကားရင် ပြည်ထဲရေးကို စော်ကားသလို
ဖြစ်တာကြောင့် ဥပဒေအရ ထိရောက်စွာ အရေးယူပေးစေချင်တယ်” ဟု အမှတ် (၅) ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်သန်းက ပြောကြားသည်။
ဆယ်အိမ်မှူး နှစ်ဦးကို ထိုးကြိတ် ရိုက်နှက်ပြီး ရာအိမ်မှူး၏ လည်ပင်းကို
ဓားဖြင့် ထောက်ခဲ့သည်ဟု တိုင်ကြားခံရသော လူငယ်ခုနစ်ဦးကို လှိုင်သာယာ
မြို့မရဲစခန်းမှ (ပ) ၃၂၆/ ၁၄၊ ပုဒ်မ ၃၂၆/ ၁၁၄ ဖြင့် အမှုဖွင့်ကြောင်း အဆိုပါ
လူငယ်အုပ်စုထဲမှ အမှတ် (၁၉) ရပ်ကွက်တွင် နေထိုင်သူ ကျော်ဇင်အောင် (ခ)
မှဲ့လေးနှင့် အမှတ် (၅) ရပ်ကွက်၊ မြရိပ်ညို ၅ လမ်းတွင် နေထိုင်သူ
ချစ်မိုးတို့ နှစ်ဦးကို လှိုင်သာယာ မြို့မရဲစခန်းမှ ဧပြီလ ၃ ရက် နံနက် ၁
နာရီခန့်က ဖမ်းမိခဲ့ပြီး ကျန်လူငယ်များကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်
ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment